စာရေးသူတို့ သူငယ်ချင်းတစ်သိုက်ကတော့ စားသောက်ဆိုင်တွေ၊ တက်စရာ သင်တန်းကျောင်းတွေနဲ့ စည်ကားနေတဲ့ လှည်းတန်းဘက်ကို ပိတ်ရက်တိုင်းလိုလို ရောက်ဖြစ်ကြတယ်။ ဒီတစ်ခေါက်မှာတော့ ကိုယ်စီ သင်တန်းချိန်တွေပြီးလို့ စားဖို့သောက်ဖို့ ဆိုင်ရွေးကြရင်း ကိုရီးယားစာကြိုက်တဲ့တွေ စာရေးသူရဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ တောင်းဆိုချက်အတိုင်း ဒီဆိုင်လေးကို ရောက်ဖြစ်သွားခဲ့တယ်……
ဆိုင်နာမည်လေးကတော့ Bulgogi Brothers တဲ့ ။
ကိုရီးယားအစားအသောက်ဆို သိပ်ခံတွင်းမတွေ့တတ်တဲ့ စာရေးသူက ဒီဆိုင်လေးနဲ့ပတ်သက်ပြီး စာရေးသူရဲ့ တစ်ဦးတည်းအမြင်လေးတွေကို ပြန်ပြီးမျှဝေပေးချင်ပါတယ်။
Location
ဆိုင်ကတော့ နာနတ်တောလမ်းထဲက SOHO Diamond Tower မြေညီထပ်မှာပါ.. နာနတ်တောလမ်းလို့ပြောလိုက်ရင် လူတွေကသိပ်မသိကြပေမယ့် လှည်းတန်း၊ စိုက်ပျိုးရေးမှတ်တိုင်နဲ့ နီးတဲ့လမ်းဆိုမှ တော်တော်များများ သိကြတယ်။ ဒါပေမယ့် နာနတ်တောလမ်းဝင်လိုက်တာနဲ့ကို BMW ကား Showroom ဘေးမှာ လက်ညှိုးထိုးမလွှဲ ဟီးထနေတဲ့ဆိုင်ကြီးဆိုတော့ တကူးတကအချိန်ပေးပြီး လိုက်ရှာနေစရာမလိုဘူး။ နောက်ပြီး ကားအစီးလေးဆယ်လောက်အထိ တစ်ပြိုင်ထဲရပ်လို့ရတဲ့ ကားပါကင်လဲရှိတော့ ကားရပ်ဖို့အတွက်နေရာ တော်တော်လေးအဆင်ပြေတယ်။ ဒါကြောင့် Location ကိုတော့ အလွန်ကောင်းတဲ့အဆင့် ⭐⭐⭐⭐ Stars ပေးချင်ပါတယ်။
Taste
စာရေးသူစားခဲ့ဖူးသမျှ ကိုရီးယားစားသောက်ဆိုင်တွေထဲမှာ ဒီဆိုင်ရဲ့အရသာက အထူးခြားဆုံးပဲ။ စာရေးသူရဲ့ ကိုရီးယားပြန်သူငယ်ချင်းပြောပုံအရဆိုရင် Bulgogi Brothers က ကိုရီးယားမှာလဲ ဆိုင်ခွဲတွေအများကြီးရှိတယ်တဲ့။
ကိုရီးယားအစားအစာ တစ်မျိုးထဲသီးသန့်ရောင်းတဲ့ ဒီဆိုင်လေးမှာ စာရေးသူတို့ စားခဲ့တာလေးတွေက….
ပင်လယ်စာဘူဒဲ့ဂျီဂဲ
ဘူဒဲ့ဂျီဂဲ ဆိုတာ ပွက်ပွက်ဆူနေတဲ့ ဟင်းရည်အိုးထဲ ပုစွန်/ ရေဘဝဲ/ Sausage/ အပ်မှို အပြင် တခြားအသီးအရွက်တွေအစုံထည့်ပြုတ်ပြီး ပူပူလောင်လောင်သောက်ရတဲ့ ကိုရီးယားဟော့ပေါ့ပုံစံပဲ။ Spicy Hotpot ဆိုပေမယ့် အရမ်းမစပ်ဘဲ ပူတဲ့ဘက်ကိုပဲသွားတယ်။ အရသာပိုင်းကစာရေးသူတို့လို ခပ်လေးလေးစားရတာကြိုက်တဲ့ မြန်မာပါးစပ်နဲ့ဆိုရင်တော့ နည်းနည်းလေးပေါ့သလိုပဲ။
Bibimbap ( ကိုရီးယားထမင်းသုပ်)
ပန်းကန်လုံးကြီးထဲ အစာပလာတွေထည့်နယ်ပြီး ဇွန်းကြီးကြီးနဲ့ အားရပါးရ ခပ်စားရတဲ့ ဒီဟင်းပွဲကိုတော့ စာရေးသူအနေနဲ့ စားခဲ့သမျှထဲမှာ အားအရဆုံးပဲ။ အစာပလာပေါ်မူတည်ပြီး ရွေးချယ်စရာ Bibimbap တွေအများကြီးထဲက ကိုယ်တွေကတော့ ဆာလမွန်ငါးဥလေးတွေနဲ့ရောနယ်ထားတဲ့ ဆာလမွန်ငါးဥထမင်းသုပ်ပဲ မှာစားခဲ့လိုက်တယ်။ မြေအိုးပူပူထဲက ဆာလမွန်ငါးဥတွေနဲ့ ရောနယ်ထားတဲ့ ထမင်းစေးစေးလေးကို ပူပူနွေးနွေးခပ်စားရတဲ့ အရသာက တကယ်မိုက်တယ်။
Cream Dori Fish Soup
ဆိုဂျူနဲ့ သောက်လို့ကောင်းမယ့် အရည်သောက်လေးတစ်ခွက်မှာမယ်ဆိုပြီး ဒီ Soup လေးကိုရွေးမှာလိုက်တာ။ ကိုယ့်ရွေးချယ်မှု မှန်တယ်လို့ပြောရမယ်။ အချို့မှုန့်တွေ / ဆီတွေ မသုံးဘဲ ငါးရဲ့သဘာဝအချိုဓာတ်နဲ့ ပြုတ်ထားတဲ့ ဒီငါးပြုတ်ဟင်းရည်လေးက သောက်လိုက်တာနဲ့ကို ခံတွင်းရှင်းပြီး လတ်ဆတ်တဲ့အရသာကိုခံစားရတယ်။ ငါးကထွက်လာတဲ့အချိုဓာတ်ကြောင့် ဟင်းရည်လေးက အချိုဘက်ပဲသွားတော့ အစပ်ကြိုက်တဲ့ ကိုယ်တွေအတွက်က ငရုတ်သီးစိမ်းလေးနည်းနည်းထည့်လိုက်မှ ကွက်တိဖြစ်သွားတယ်။
နောက်ပြီး ဒီဆိုင်မှာ စာရေးသူသဘောကျတဲ့ နောက်တစ်ချက်က ဘာပဲစားစား အရံဟင်း ၆ မျိုးက Free ပေးတာပဲ။ အရံဟင်းဆိုပေမယ့် ကင်ချီ/ မုန်ညှင်းချဉ်/ ပါစတာ/ ငါးနီတူကြော် စသဖြင့် အစိမ့်/ အချို/ အချဉ် အရသာ 3 မျိုးရအောင် သေချာလေး စီစဉ်ပေးထားတယ်။ ဆိုင်ကိုဝင်ဝင်ချင်း ငါးမုန့်ကြွပ်ကြော်နဲ့ Jasmine Tea ကိုလဲ Welcome Food အနေနဲ့ ဧည့်ခံပေးတယ်။
Taste ပိုင်းကတော့ သုံးထားတဲ့ Ingredients တွေရဲ့လတ်ဆတ်မှု၊ ထူးခြားတဲ့ပြင်ဆင်ချက်ပြုတ်မှုတွေက စာရေးသူကို နောက်တစ်ခေါက်ထပ်သွားချင်စိတ်ဖြစ်ပေါ်လာတဲ့အထိကို ဆွဲဆောင်မှုရှိတဲ့အတွက် Taste ပိုင်းကိုတော့ ⭐⭐⭐⭐⭐ Stars ပေးချင်ပါတယ်။
Atmosphere
ဆိုင်မှာက အပေါ်ထပ် / အောက်ထပ်ရော အပြင်အဆင်က ရိုးရှင်းပြီးသပ်ရပ်တယ်။ Business Meeting တွေ ၊ Birthday Party တွေ ကျင်းပဖို့အတွက် VIP Room တွေ Private Room တွေ ရှိတယ်။ နောက်ပြီး ဆိုင်ရဲ့ Atmosphere က လုံးဝ Calm ဖြစ်တယ်။ မိတ်ဆွေတွေ/ သူငယ်ချင်းတွေနဲ့အတူ အေးအေးဆေးဆေး Meet Up လုပ်လို့ကောင်းတဲ့နေရာလေးဖြစ်တဲ့အတွက် Atmosphere ကို တော့ အလွန်ကောင်းတဲ့အဆင့် ⭐⭐⭐⭐ Stars ပေးချင်ပါတယ်။
Price
Premium Taste တွေရနိုင်တဲ့ ဒီဆိုင်လေးမှာက စျေးနှုန်းတွေကလဲ တကယ့်ကို Premium Price တွေပါပဲ။ ပေးရတဲ့စျေးနဲ့ တန်အောင် အရသာပိုင်းက လဲစားသုံးသူတွေကို စိတ်ကျေနပ်မှုရအောင် ပေးစွမ်းနိုင်ပါတဲ့အတွက် Price ပိုင်းကိုတော့ ⭐⭐⭐⭐ Stars လောက်ပေးချင်ပါတယ်။
Service
ဝန်ထမ်းတွေအားလုံးရဲ့ အပြောအဆို/ မျက်နှာအနေအထားကအစ Welcome ဖြစ်တာတွေ့ရတယ်။ သပ်သပ်ရပ်ရပ် ဝတ်စားတတ်တယ်။ ဟင်းပွဲနဲ့ပတ်သက်ပြီး မေးတာမှန်သမျှ ဂရုတစိုက် အလေးထားပြီး ဖြေပေးနိုင်တယ်။ ဒါ့ကြောင့် စာရေးသူအနေနဲ့ Service ပိုင်းကို ⭐⭐⭐⭐ Stars လောက်ပေးချင်ပါတယ်။
Conclusion
အားလုံးအနေနဲ့ချုံကြည့်ရင် ဒီဆိုင်လေးက ရန်ကုန်မှာ ကိုရီးယားလက်ရာစစ်စစ်ကို ရနိုင်တဲ့ ရှားရှားပါးပါးဆိုင်တွေထဲက တစ်ခုဖြစ်ပြီး ကိုရီးယားအစားအစာချစ်သူတိုင်း မဖြစ်မနေသွားစားကြည့်သင့်တဲ့ ဆိုင်လေးပါ။ Location, Taste, Atmosphere, Price နဲ့ Service ပိုင်းအကုန်လုံးကို ပျမ်းမျှတွက်ကြည့်လိုက်ရင် ⭐⭐⭐⭐ Stars ရတဲ့အတွက် သွားစားကြည့်ဖို့ Highly Recommend ပေးပါရစေ။

Categories: Review
Leave a Reply