သတ်သတ်လွတ်ချစ်တီးထမင်းကို ၁၅၀၀ ကျပ်ထဲနဲ့ အဝစားလို့ရတဲ့ Rangoon Indian Restaurant ဆိုတဲ့ ပန်းသေးဆိုင်

ချစ်တီးထမင်းဆိုတာ ငှက်ပျောဖက်ရွက်လေးပေါ်မှာ ထမင်းတွေ အရံဟင်းလေးတွေတင်ပြီးစားရတဲ့ ဖီလင်နဲ့ ကြွေပန်းကန်တွေ၊ ပုံစံခွက်ပန်းကန်တွေနဲ့စားရတဲ့ ဖီလင်တွေက မတူပါဘူး။ ရန်ကုန်မှာကလည်း အဲ့ဒီလို ငှက်ပျောဖက်နဲ့ ချစ်တီးထမင်းရောင်းတဲ့ဆိုင်ဆိုတာ ကရှားတယ်လေနော်။ ဒါပေမဲ့ စာရေးသူတို့အခုတွေ့ထားတဲ့ဆိုင်ကတော့ ချစ်တီးထမင်းကို ငှက်ပျောဖက်လေးနဲ့စားလို့ရတယ်ဆိုပြီးကြားထားတော့…….

စာရေးသူရဲ့သူငယ်ချင်းတွေကလည်း ချစ်တီးထမင်းတစ်ရက်လောက်သွားစားကြမယ်ဆိုပြီး ပြောထားကြတော့ သူတို့ကိုပါ Date ပြီး သွားစားဖြစ်ခဲ့တယ်။ ချစ်တီးထမင်းအပြင် တခြားဘာတွေစားခဲ့ကြသေးလဲဆိုတာ ဆက်ကြည့်ပေးနော်

Location

ဆိုင်က နှစ်ထပ်တိုက်အိမ်မှာပဲ အောက်ထပ်ကို ဆိုင်ဖွင့်ထားတာပါ။ ဆိုင်အနေအထားက လမ်းပေါ်ကနေဆို အနောက်နည်းနည်းရောက်နေတော့ သိပ်သတိထားမိဖို့မလွယ်ဘူး။ ဆိုင်ရှေ့မှာ ဆိုင်းဘုတ်လေး ထားထားပေးတော့ အဆင်ပြေတယ်။ ကားပါကင်အတွက်ဦးစားပေးထားတော့ ကားကြပ်နိုင်တဲ့ တောင်မြင်းပြိုင်ကွင်းလမ်းပေါ်မှာ ကားရပ်စရာနေရာအဆင်မပြေတာမျိုးတော့မဖြစ်နိုင်တော့ဘူးပေါ့။ အရှေ့မြင်းပြိုင်ကွင်းလမ်းကလာရင်တော့ ပိုနီးတယ်။ သွားရလာရလည်းအဆင်ပြေပေမဲ့ လိုင်းကားနဲ့သွားဖို့ဆိုရင်တော့ အခက်အခဲဖြစ်နိုင်တဲ့ အတွက် Location ကို ⭐⭐⭐⭐ Stars လောက်ပေးချင်ပါတယ်။

Taste

ချစ်တီးထမင်းစားချင်လွန်းလို့ ရောက်သွားတာဆိုတော့ ချစ်တီးထမင်းကိုပဲဦးစားပေးပြီး မှာလိုက်ကြတယ်။ သဘောကျမိသွားတာက ချစ်တီးထမင်းသတ်သတ်လွတ်တစ်ပွဲကိုမှ အဝစား ၁၅၀၀ တဲ့။ ပထမအဝစားဆိုတော့ ထမင်းသီးသန့်ပဲထင်တာ။ အရံဟင်းတွေဖြစ်တဲ့ ရုံးပတီသီးကြော်၊ အာလူးနှပ်၊ ခရမ်းချဉ်သီးအနှစ်၊ ပါပလာကြော်၊ မနုဿနီဟင်းရည်အပြင် မွှေးပြီး မြင်တာနဲ့ သရေကျရတဲ့ သီးစုံပဲကုလားဟင်းပါ လိုသလောက်ထပ်တောင်းပြီး အဝစားလို့ရတယ်။ အသားဟင်းထပ်မှာစားချင်တယ် တစ်ပွဲကို ၃၅၀၀ လောက်ကနေစပြီး စားလို့ရတယ်။ စာရေးသူတို့တွေးမိတာက ဟင်းသီးသန့်တစ်ပွဲကို ၃၅၀၀ ကတော့များတယ်ပေါ့။ မှာပြီးလာချပေးတော့မှ ဟင်းတစ်ပွဲကို နှစ်ယောက်လောက်အေးဆေးစားလို့ရတယ်ဆိုတော့ ချစ်တီးထမင်းအဝစားတစ်ပွဲနဲ့ ဟင်းနှစ်ယောက်တစ်ပွဲစားမယ်ဆိုရင် တစ်ယောက်ကို ၃၀၀၀ စွန်းစွန်းလောက်ပဲကျမှာဆိုတော့ စာရေးသူကတော့ စားရတာ တန်တယ်လို့ထင်မိတယ်။

မီနူးထဲမှာ ပုစွန်ထုပ်ဒန်ပေါက်ဆိုပြီးတွေ့တော့ တစ်ခါမှ မစားဖူးတာနဲ့ထပ်မှာစားဖြစ်ခဲ့တယ်။ ဈေးက ၇၅၀၀ တောင်ဆိုတော့ ဘယ်လိုမျိုးဖြစ်မလဲဆိုတာကိုလည်းပိုသိချင်တာပါတယ်။ လာချပေးတော့ စားနေကျဒန်ပေါက်တွေနဲ့မတူဘဲ ထောပတ်နံ့မွှေးမွှေးလေးဖြစ်နေတာကိုအရမ်းသဘောကျမိတယ်။ ဒန်ပေါက်ထမင်းတွေကို စတီးအိုးလေးထဲ အပြည့်အသိပ်ထည့်ပြီး လာချပေးတာဆိုတော့ နှစ်ယောက်လောက်တော့ အသာလေးစားလို့ရတယ်။ တစ်လုပ်စားရင်စားသလောက် အရသာကစိမ့်အီနေတာပဲ။ပုစွန်ထုပ်ကြီးတွေကလည်းတော်တော်လေးကြီးတယ်ဆိုတော့ ဈေးနဲနဲများပေမဲ့ သူငယ်ချင်းနှစ်ယောက်လောက်ကိုတစ်ပွဲမှာပြီးစားရင်တော့ ပိုတန်တယ်လို့စာရေးသူထင်မိတယ်။

ပန်းသေးဆိုင်လို့ပြောလို့ရတဲ့ဒီဆိုင်လေးမှာ ထိုင်းနဲ့တရုတ်အစားအစာတွေလည်းရသေးတယ်။ စာရေးသူတို့ကတော့ ထိုင်းငပိထောင်းလေးစားချင်မိတာနဲ့ အဲ့ဒါပဲမှာလိုက်တယ်။ ပလာတူးငါးကြော်၊ ဆူးပုတ်ရွက်နဲ့ရောပြီးကြော်ထားတဲ့ကြက်ဥလေးတွေအပြင် အတို့အမြှုပ်အသီးအရွက် တော်တော်လေးစုံတာတွေ့ရတယ်။ ငပိထောင်းကအရမ်းလည်းမစပ်သလို တစ်ချို့ငပိထောင်းတွေလိုလည်း ငန်မနေဘူး။တော်တော်လေးအစပ်အဟပ်တည့်အောင်လုပ်ထားပေးတယ်။ ထမင်းဖြူပူပူလေးနဲ့ငပိထောင်းလေးနဲ့သာနယ်စားရင် တကယ်စားကောင်းတာပါ။

ထမင်းတွေစားပြီးဘာထပ်စားကြမလဲစဉ်းစားကြတော့ အကုန်လုံးဝိုင်းသဘောတူကြတာက ဆမူဆာကြော်စားဖို့ပါ။ အဲ့ဒီတော့ ဆမူဆာတစ်ပွဲမှာလိုက်တယ်။ တစ်ပွဲကို ၃ ခုပါတယ်။ ဆမူဆာအထဲမှာအာလူးကအပြည့်အသိပ်ပဲ။ ငရုပ်သီးစိမ်း၊ ပူဆီနံတွေနဲ့ဖျော်ထားတဲ့ မစပ်တစပ်အချဉ်လေးနဲ့သာတို့စားရင် တကယ်ကိုစားလို့ကောင်းတာပါ။

နောက်ဆုံးတစ်ခုစားခဲ့ကြတာကတော့ တိုရှည်ပါ။ တိုရှည် အကြီးကြီးနဲ့တွဲစားဖို့ အုန်းသီးကြက်သနီးနဲ့ ခရမ်းချဉ်သီးအနှစ်ချက်လေးပါတယ်။ နေ့လည်နေ့ခင်းပဲဖြစ်ဖြစ်၊ မနက်စာသွားစားကြရင်ပဲဖြစ်ဖြစ် လက်ဖက်ရည်လေးနဲ့သောက်ရင်အလိုက်ဖက်ဆုံးပါ။

အစားသောက်တွေရဲ့အရသာကိုခြုံပြောရမယ်ဆိုရင် စာရေးသူကတော့ တော်တော်လေးအကြိုက်တွေ့ခဲ့ပါတယ်။ အိန္ဒိယစာတွေဆိုရင်လည်း မဆလာအရမ်းများတာတို့ ဗမာခံတွင်းနဲ့အဆင်မပြေတာမျိုးတွေမဖြစ်တဲ့အပြင် ထိုင်းအစားအစာတွေဆိုလည်းအရသာအစပ်အဟပ်တည့်အောင်ကောင်းနေတဲ့အတွက် Rating နဲ့ဆိုရင် Taste ကို ⭐⭐⭐⭐⭐ Stars ပေးချင်ပါတယ်။

Atmosphere

ဆိုင်က သပ်သပ်ရပ်ရပ်သန့်သန့်ရှင်းရှင်းရှိပြီး ထိုင်ခုံတွေကတော့ ရိုးရိုးကုလားထိုင်တွေလည်းရှိသလို နှစ်ယောက်တွဲဆိုဖာခုံလေးတွေလည်းရှိတယ်။ ဆိုင်အပြင်အဆင်လေးက ရိုးရိုးရှင်းရှင်းလေးနဲ့ ဆိုင်ကိုလာချင်လာအောင် ပြင်ဆင်ပေးထားတာတွေ့ရတယ်။ ဓာတ်ပုံတွေအရမ်းရိုက်လို့ကောင်းတဲ့ဆိုင်အပြင်အဆင်မျိုးတော့မဟုတ်တဲ့အတွက် Rating အတွက်ဆိုရင် ⭐⭐⭐⭐ Stars ပေးချင်ပါတယ်။

Price

ဈေးနှုန်းအရဆိုရင်တော့ လူတိုင်းအမြဲလာစားနိုင်တဲ့ သတ်သတ်လွတ်ချစ်တီးထမင်းလိုမျိုးတွေရှိသလို ဈေးများတဲ့ဟင်းပွဲတော်တော်များများလည်းရှိတာတွေ့ခဲ့ရတယ်။ ဈေးများတဲ့ဟင်းပွဲတွေကလည်း အရသာကတော်တော်လေးကောင်းတာကြောင့် ပေးရတဲ့ဈေးနဲ့တန်ပါတဲ့အတွက် ⭐⭐⭐⭐ Stars လောက်ပေးချင်ပါတယ်။

Service

ဆိုင်ဝန်ထမ်းလေးတွေကဖော်ဖော်ရွေရွေရှိတယ်။မေးရင်လည်းသေချာပြန်ဖြေပေးနိုင်တယ်။ စာရေးသူတို့သွားခဲ့တဲ့အချိန်က လူအရမ်းမကျသေးတော့ ကောင်းကောင်းဝန်ဆောင်မှုပေးနိုင်တယ်။ ဟင်းပွဲတွေလည်းအကြာကြီးမစောင့်ရဘူး၊ မြန်တယ်။ ဒါပေမဲ့ ဝန်ထမ်းနည်းတော့ လူများတဲ့အချိန်ဆိုရင် နည်းနည်းအဆင်မပြေမှာစိုးတဲ့အတွက် ⭐⭐⭐⭐ Stars လောက်ပဲပေးထားချင်ပါတယ်။

Conclusion

နိဂုံးချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ ဆိုင်က သွားရလာရလည်းအရမ်းမခက်ခဲဘူး။ အရသာတွေဆိုလည်းတော်တော်လေးကောင်းတဲ့အပြင် သန့်ရှင်းသပ်ရပ်တယ်။ ဈေးနှုန်းတွေကလည်း လူမျိုးအစုံစားနိုင်တဲ့ ဈေးနှုန်းလေးတွေပါရှိနေပါတယ်။ Overall Rating အနေနဲ့ဆိုလည်း ⭐⭐⭐⭐ Stars ရထားတဲ့အတွက် သွားစားကြည့်ဖို့ Recommend ပေးချင်ပါတယ်။



Categories: Review

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: