အခုတစ်လော ရာသီဥတုကလည်း အေးစိမ့်စိမ့်ဖြစ်လာပြီဆိုတော့ ဝိုင်လေးသောက်ရင်း Night Life ကို ခံစားလို့ကောင်းမယ့် ဆိုင်လေးတွေကို လိုက်ရှာနေမိတယ်… ဝိုင်ကောင်းကောင်းရနိုင်တဲ့ European ဆိုင်လေးတွေရဲ့ Reviews တွေကို တစ်ချက်လေ့လာကြည့်လိုက်တော့ လူငယ်တွေကြားမှာ နာမည်အတော်အသင့်ရပြီးသား ဒီဆိုင်လေးကို သတိထားမိခဲ့တယ်။
ပိုပြီးစိတ်ဝင်စားမိတာက ဒီဆိုင်လေးရဲ့ စားဖိုမှူးက Michelin Star Chef တစ်ယောက်ဖြစ်နေတဲ့အတွက် ပြင်သစ်အစားအစာ ကောင်းကောင်းလေးတွေကို မြည်းစမ်းကြည့်ချင်တာရယ်၊ Quality ကောင်းတဲ့ ဝိုင်တွေကို သောက်ချင်တာရယ်ကြောင့် ဒီဆိုင်လေးကိုသွားဖြစ်ခဲ့တယ်။ ဘာတွေကြုံတွေ့ခဲ့ရလည်းဆိုတာလေးကိုတော့ ဆက်ဖတ်ကြည့်ပေးပါဦးနော်…
Location

ဆိုင်ရဲ့ location က ရန်ကုန်မြို့လယ်ခေါင်မှာရှိတယ်။ မြို့ထဲကိုရောက်တဲ့ ဘတ်စ်ကားမရှားတဲ့အတွက် သွားရေးလာရေးအဆင်ပြေတယ်။ ယောက်လမ်းမှတ်တိုင်မှာဆင်းလိုက်ရုံပဲ။သမ္မတ ရုပ်ရှင်ရုံ ဘေးက Hotel G ထဲကို ဝင်လိုက်တာနဲ့ Babett Eatery & Bar Yangon ဆိုပြီး တန်းတွေ့လိမ့်မယ်။ ဆိုင်လိပ်စာအတိအကျကတော့ အမှတ် ၅၊ အလံပြဘုရားလမ်းမှာပါ။
ဆိုင်က တကူးတက လိုက်ရှာနေစရာ မလိုတဲ့အပြင် ဆိုင်နားဝန်းကျင်ရဲ့ သန့်ရှင်းစင်ကြယ်မှု၊ သွားလာရလွယ်ကူမှုနဲ့ ကားပါကင်နေရာကျယ်ဝန်းစနစ်ကျမှုတို့ရှိပေမယ့် လမ်းကြပ်တာ တစ်ခါတစ်လေရှိတာကြောင့် Location ကို Rating ⭐⭐⭐⭐ stars ပေးချင်ပါတယ်။
Taste
ခံတွင်းရှင်းတဲ့အနေနဲ့ Main Dish မစားခင် Appetizer အရင်ဆုံးစားခဲ့တယ်။ Appetizers တွေမှာ အများအားဖြင့် Cheese တို့ Crackers တို့ Salad တို့ရှိပြီး စာရေးသူကတော့ အသုပ်ကိုစားကြည့်ချင်လို့ Zucchini & Mint Salad ကို ရွေးလိုက်တယ်။ အရသာ စိမ်ထားတဲ့ သခွားသီးကိုမှ မီးဖုတ်ပြီး ပါးပါးလေးတွေလှီးထားတာကို Fresh Ricotta Cheese နဲ့ ရောနယ်ထားတာလေးက အရမ်းစားလို့ကောင်းတယ်။ စားနေကျအသုပ်တွေနဲ့မတူတဲ့ ထူးခြားတဲ့ အနံ့ကိုလည်း ခံစားမိပြီး … White Wine လေးနဲ့ တွဲသောက်ကြည့်လိုက်တော့ အရမ်းမိုက်တယ်။

Appetizer လေးနဲ့ ခံတွင်းရှင်းပြီးပြီဆိုတော့ Main Meal အနေနဲ့ ပီဇာ ၉ မျိုးလောက်ရှိတဲ့အထဲက Pepperoni & Chilli Pizza ကို ရွေးချယ်လိုက်တယ်။ သူကကျတော့ ကြက်အူချောင်းကိုမှ Chilli Peppers လို့ခေါ်တဲ့ ပန်းငရုတ်မှုန့် နဲ့ Tomato Base အရသာလေးလုပ်ထားတာ ဆိုတော့ ပီဇာအသားပါးပါးလေးနဲ့ အရသာက ချဉ်ပြုံးလေးပါပဲ။

Dessert အတွက်ကတော့ ၂ ခုစားခဲ့တယ်။
ပထမတစ်ခုကတော့ အီကလဲ ပူပူလေးနှစ်ချပ်ထဲမှာ ရေခဲမုန့်တွေညှပ်ထားပြီး အပေါ်ကမှ Hot Chocolate အရည် ဆမ်းစားရတဲ့ Profiteroles ပါ။ Chocolate ရည်ပူပူလေးနဲ့ ရေခဲမုန့်လေးတွဲစားရတာဖြစ်လို့ ထူးခြားတဲ့ ခံစားမှုလေးနဲ့ အရသာချိုချိုလေးကိုတွဲဖက်စားရတာဖြစ်လို့ ဒီဆိုင်မှာစားခဲ့ရသမျှထဲမှာ အကြိုက်ဆုံးပါပဲ။

နောက်တစ်ခုကတော့ Chocolate Volcano စားခဲ့တယ်။ ချောကလက်အရမ်းကြိုက်တဲ့သူဆိုတော့ ချောကလက်ကိတ်ထဲက ထွက်လာတဲ့ ချောကလက်ရည်ရွှဲရွှဲကိုမှ Vanilla Ice-Cream လေးထဲ ထည့်စိမ်ပြီးစားရတဲ့ အရသာက တကယ်ကို စွဲလန်းစေပါတယ်။ ပုံစံလေးကလည်း နာမည်နဲ့အလိုက် တကယ်ကို မီးတောင်လေးထဲက ချော်ရည်လေးတွေထွက်နေသလိုပါပဲ။

စားခဲ့ရတာတွေအကုန်လုံးက Michelin Star Chef တစ်ယောက်ရဲ့ လက်ရာတွေဆိုတော့ အရမ်းစားလို့ကောင်းပါတယ်။ ဒါပေမယ့် စာရေးသူကတော့ European စာတွေ စားနေကျမဟုတ်တဲ့အတွက် မြန်မာပါးစပ်နဲ့ အရမ်းကြီးတော့အစပ်အဟပ်မတည့်ခဲ့ပါဘူး။ ဒါပေမယ့် Dessert တွေကိုတော့ တော်တော်ကြိုက်ပါတယ်။ စာရေးသူရဲ့ စင်ကာပူနိုင်ငံသား သူငယ်ချင်းတွေကလည်း European အစားအစာအရသာတွေထဲမှာ တကယ်အဆင့်အတန်းမှီတဲ့ လက်ရာတွေပဲလို့ မှတ်ချက်ချခဲ့ကြပါတယ်။ Rating ကို ⭐⭐⭐⭐⭐ Stars ပေးချင်ပါတယ်။
Atmosphere
ဒီဆိုင်လေးကို ဝင်ဝင်ချင်းကတည်းက သတိထားမိတာက အပြင်အဆင်ပါပဲ… မြင်နေကျ Bar တွေလို သေးသေးလေးမဟုတ်ဘဲ တကယ့်ကို နေရာအကျယ်ကြီးကိုမှ ဝိုင်ပုလင်းတွေ ဝိုင်ခွက်တွေနဲ့ အလှဆင်ထားတာ အရမ်းမိုက်တယ်။ နောက်ခံတေးသံစဉ်တိုးတိုးလေးဖွင့်ထားတာလေးကလည်း စိတ်ကိုပိုပြီး နူးညံ့ပျော်ရွှင်သွားစေတယ်။ တစ်ဆိုင်လုံးက သန့်လဲသန့်ရှင်းတယ်။ Romantic ဆန်ဆန်ပြင်ဆင်ထားတာ ဆိုတော့ ဓာတ်ပုံရိုက်ချင်ရင်လဲ Good Spot for Photography ပါပဲ။
အတွင်းခန်းက ဆိုဖာတွေပေါ်မှာမထိုင်ချင်ရင်လည်း
အပြင်မှာ လေကောင်းလေသန့်ရှူရင်းထိုင်လို့ကောင်းတဲ့ သစ်သားထိုင်ခုံလေးတွေလဲရှိတယ်။ နံရံတွေမှာ ကမ္ဘာတစ်ဝှမ်းက ကျော်ကြားသူတွေနဲ့တွဲလျက် မြန်မာ့ရုပ်ရှင်နဲ့ ဂီတလောကက ရှေ့မှီနောက်မှီ အထင်ကရ အနုပညာရှင်တွေရဲ့ မှတ်တမ်းပုံတွေကို တွေ့ရတာလည်း ကိုယ့်လူမျိုးတွေအတွက် တကယ်ကို ဂုဏ်ယူမိပါတယ်။ ဒါပေမယ့် မြို့လယ်ကောင်မှာဆိုတော့ နဲနဲတော့ မျက်စိရှုပ်၊ နားရှုပ်မိလို့ Atmosphere ကိုတော့ ⭐⭐⭐⭐ Stars ပေးချင်ပါတယ်။
Price
Imported Meat တွေကိုမှ Dry Aged ထဲထည့်ပြီး နူးညံ့ အောင်ပြန်လုပ်ထားတာ ဆိုတော့ အစားအသောက် Quality ပိုင်းကတော့ရှယ်ပဲ၊ အသားတွေက အရမ်းကိုနူးညံ့တာ။ Quality နဲ့ညီတဲ့ ဈေးနှုန်းလေးတွေတော့ ပေးရပါတယ်။ စာရေးသူအနေနဲ့တော့ အမြဲတမ်းသွားစားဖို့ တတ်နိုင်မယ့် ဆိုင်မျိုးထဲမပါပါဘူး။ ဒါပေမယ့် ပေးရတာနဲ့ တန်တယ်လို့ခံစားမိလို့ တစ်လမှာ တစ်ခါလောက်တော့ သွားစားကြည့်ဖို့ ဆုံးဖြတ်ထားပါတယ်။
Value For Money ဆိုတဲ့အတိုင်း ဈေးကြီးတာ ဈေးပေါတာနဲ့ မဆုံးဖြတ်ဘဲ ပေးလိုက်ရတာနဲ့ ဘယ်လောက်ပြန်ရလိုက်လဲဆိုတာအပေါ်မူတည်ပြီး Rating ပေးထားတာဖြစ်လို့ တစ်ဦးနဲ့တစ်ဦးတော့ သဘောထားချင်းမတိုက်ဆိုင်တာတွေရှိနိုင်ပါတယ်။ စားရေးသူကတော့ ⭐⭐⭐ Stars ပေးချင်ပါတယ်။
Service
Service ပိုင်းကတော့ Hotel Standard ဖြစ်လို့ တကယ်စိတ်ချမ်းသာရပါတယ်။ Waiters/Waitress တွေကလဲ သပ်သပ်ရပ်ရပ်ရှိပြီး Uniform တွေကအစ သန့်ရှင်းသပ်ရပ်တယ်။ Customers တွေ တစ်ခုခုမှာချင်ရင်လဲ ချက်ချင်းရောက်လာပြီး သွက်သွက်လက်လက်နဲ့ရှင်းပြတယ်။ Active အရမ်းဖြစ်တာတွေ့ရတယ်။ Service ကိုတော့ ⭐⭐⭐⭐⭐ Stars ပေးလိုက်ပါတယ်။
Conclusion
အားလုံးချုံကြည့်မယ်ဆိုရင် ဆိုင်အနေအထားလေးကိုရော၊ အစားအသောက် Quality ပိုင်းကိုရော စိတ်ကျေနပ်မှုရှိခဲ့တယ်။ European Food ကောင်းကောင်းကို အဆင့်အတန်းမြင့်မြင့်စားချင်တယ်ဆိုရင် တကယ်ကို သွားစားသင့်တဲ့ဆိုင်လို့ထင်မိပါတယ်။ ဝိုင်ဆိုရင်လည်း တကယ့် Quality မှီတဲ့ ပြင်သစ်ဝိုင်အမျိုးအစားပေါင်း ၅၀ ကျော်တောင်ရှိတာဆိုတော့ စာရေးသူလိုက်ရှာနေတဲ့ဆိုင်ကိုလည်း တွေ့သွားပါပြီ။
Location, Taste, Atmosphere, Value for Money နဲ့ Service အားလုံးကို အမှတ်ပေးပြီး ပျမ်းမျှချလိုက်ရင် Four Stars ရတဲ့အတွက် သူငယ်ချင်းတို့ကို ဒီဆိုင်လေးမှာ သွားစားကြည့်ဖို့ Highly Recommend ပေးလိုက်ပါတယ်။ ဆိုင်ဖွင့်ချိန်ကလဲ မနက် ၆ နာရီကနေ ည တစ်နာရီထိ ဖွင့်တာဆိုတော့ night out ထွက်ပြီး Chill ချင်လဲတကယ်အဆင်ပြေပါတယ်။

Categories: Review
Leave a Reply